Tuesday, September 20, 2011

သုဘရာဇာ။

ယောဂီတို့။

အကြောင်းတရား ၄ပါးဟုဆိုအပ်သော ၁)ကံ ၂)စိတ် ၃)ဥတု ၄)အာဟာရ တို့က စေ့ဆော်ပုံဖော် သဖြင့် ဓါတ်၎ပါး အဖွဲ့အစည်းဖြစ်သော ၁)ခက်မာခြင်း ၂)ဖွဲ့စေးခြင်း ၃)ပူအေးခြင်း ၄)ထောက်ကန်ခြင်းတို့ တည်းဟူသော ခန္ဓာ ၅ပါး ၁)ဖောက်ပြန် ၂)ခံစား ၃)မှတ်သား ၄)ပြုပြင် ၅)သိဝိဥာဏ် တို့သည် ဖြစ်ပေါ်လာကြ၏။

ထိုသည့်ဓါတ် ၄ပါးတို့ သည် အချင်းချင်း ရုန်းကန်ဆွဲငင်ကြကာ အမြဲပင် ပြောင်းလဲဖောက်ပြန်ရွေ့ လျားနေကြ၏။ တရံမလပ်လည်း ဖြစ်သောခဏတွင်ပင် ပျက်ကြပြန်၏။ လက်ဖြစ်တတွတ်ဆိုသော အချိန်အတွင်းမှာပင် ရုပ်ခန္ဓာပေါင်း ကုေ​ဋ ၅ထောင်၊ နာမ်ခန္ဓာပေါင်း ကုဋေ ၃ သန်းမျှ ဖြစ်လျက် ပျက်နေကြရ၏။တနည်း သေနေကြရ၏။သို့သော်လည်း အကြောင်း ၄ပါးတို့ က အဆက်မပြတ် ထောက်ပံ့ခွင့်ရနေကြသော အချိန်တို့ တွင် ဆက်လက်အသက်တည်ရှိနေသည်ဟု မြင်ရကြားရသိရ၏။ အထောက်အပံ့ အကြောင်းတခုခုက မပြောမဆိုရုပ်သိမ်းပါက သေဆုံးပြီဟု ထိုအခါသတ်မှတ်ကြသည်။ ပရမတ်တရားဖြင့်ကြည့်ပါမူ သတ္တဝါတို့ သည် အချိန်တိုင်းပင်သေနေကြသည်။ အဆက်မပြတ် အစားထိုးခွင့်ရနေဖို့ရန်အတွက် ကြောင့်ကျနေရသည်။

ထိုကဲ့သို့ အချိန်တိုင်းသေ နေရသည်ကို အသုဘဟု ခေါ်နိုင်သည်။ အသုဘဟူသည် မတင့်တယ်ခြင်း၊မြင်မကောင်းခြင်း ဟု အဓိပ္ပါယ်ရ၏။ ထိုအသုဘကောင်ကို တင့်တယ်အောင်၊မြင်ကောင်းအောင်၊မွှေးကြိုင်နေအောင်၊ သုတ်သင်ရှင်းလင်းပြုပြင်သောသူကို သုဘရာဇာဟု သမုတ်ကြသည်။

သို့ဆိုလျှင် နေ့စဉ်ပင် မိမိကိုယ်ကို တင့်တယ်လှပအောင် ပြုပြင်နေရသော ကျွန်ုပ်တို့သည်......။

Sunday, September 11, 2011

ကြီးလေးသောအပြစ်။

လူတစ်ယောက် အနေနဲ့ ရှေ့ပိုင်းမှာ သီလ မစင်ကြယ်ခဲ့ ပေမယ့် ပဉ္စာနန္တရိယ ကံငါးပါးရယ်၊ ဘိက္ခုနီဒူသနကံရယ် (ဘိက္ခုနီဒူသနကံဆိုတာ ဘိက္ခုနီမကို ဖျက်ဆီးတာပါ။ ဒီခေတ် မှာတော့ ဘိက္ခုနီဆိုတာ မရှိတော့ပါ) အရိယူပ ဝါဒကံရယ် (အရိယာကို ပြစ်မှားတဲ့ကံပါ) ဒီကံမျိုးတွေကို မကျူးလွန် ရသေးဘူးဆိုရင် မဂ်ဖိုလ် အန္တရာယ်ကို မတားမြစ်ပါ။

၁။ သန္တတိ အမတ်ကြီး စစ်ပွဲနိုင်လို့ ပသေနဒီ ကောသလမင်းကြီးက ခုနှစ်ရက် မင်းစည်းစိမ် ခံစားရင်း မူးပေတေ နေပါတယ်။ သူသိပ်ချစ်ရတဲ့ ကချေသည်မိန်းကလေး သူ့ကို ဖျော်ဖြေရင်း ရုတ်တရက် သေသွားတဲ့ အတွက် မြတ်စွာဘုရား ဆီကို ထိုအလောင်းအားပွေ့ပိုက်လျက် ရောက်ရှိသွားပါတယ်။ မြတ်စွာဘုရားက ရူပံ နာမံတို့ ၏ မတည်မြဲသော သဘာဝတရား၏ သင်္ခါရ တရားတစ်ပုဒ် ဟောကြားပြီး ရဟန္တာ ဖြစ်သွားပါတယ်။

သို့သော် သတိထားရမှာက ဂါထာတစ်ပုဒ်နာကြားပြီး ရဟန္တာဖြစ်တယ်ဆိုပေမယ့် ရုပ်နာမ်တွေကို မရှုမှတ်ဘဲ သတိပဋ္ဌာန်လေးပါးကို မရှုမှတ်ဘဲ မဂ်ဖိုလ်ရသွားတာတော့မဟုတ်ပါဘူး။ ရှုမှတ်မှု မပါဘဲနဲ့ တရားထူးရသွားကြတာ မဟုတ်ပါဘူး။ ရှုမှတ်ပြီးမှ တရားထူးရသွားကြတာပါ။

၂။ အရိယ ဆိုတဲ့ လူ တစ်ယောက်ဟာ ငါးမျှားနေစဉ် မြတ်စွာဘုရား ကြွလာတာမြင်တော့ ငါးမျှားတံလေး ရေထဲချဝှက်ထား လိုက်ပါတယ်။ရဟန်းကြီးဂေါတမသည် သူ့ အသက်သတ်သည်ကို မကြိုက်ကြောင်းသူကြားဖူးသည်။ မြတ်စွာဘုရားက “သင့်နာမည် ဘယ်လို ခေါ်သလဲ”လို့ မေးတော့ “အရိယ”လို့ ခေါ်ပါတယ်”လို့ ပြန်လျှောက်ပါတယ်။ ဒီတော့ မြတ်စွာဘုရားက “သင့်လိုသူ တစ်ပါးညှင်းဆဲတဲ့ သူကို အရိယလို့ မခေါ်ဘူး၊ အရိယာ ဆိုတာ သူတစ်ပါးကို မညှင်းဆဲဘူး”လို့ ဟောပြီး ဂါထာလေး တစ်ပုဒ် ဟောပြပါတယ်။ ဂါထာကို နာကြားပြီး သောတာပန် တည်သွားပါတယ်။

၃။ တစ်နေ့မှာ မြတ်စွာဘုရားက ဇေတဝန် ကျောင်းတော်မှာ တရားဟောနေ၏။ ပရိသတ်ထဲမှာ ခါးပိုက်နှိုက် နှစ်ယောက်လည်း ပါပါတယ်။ တစ်ယောက်က တရားကို ရိုရိုသေသေနာပြီး သောတာပန် တည်သွား ပါတယ်။ တစ်ယောက် ကတော့ တရားနာ ပရိသတ်ဆီက ခါးပိုက်နှိုက် လိုက်ပါတယ်။

၎။ အားလုံးသိတဲ့ လူသတ် ဗိုလ်ကြီး တမ္ဘဒါဋ္ဌိက ၅၅-နှစ်ပတ်လုံး ဘုရင့်အတွက် သတ်မိန့်ကျတဲ့ သူတွေကို သတ်ပေးခဲ့ရပါတယ်။
သူလည်း အရှင် သာရိပုတ္တရာ ဆီက တရားနာကြားပြီး အနုလောမိကခန္တီခေါ် သင်္ခါရုပေက္ခာ ဉာဏ်အထိ ရောက်သွားပါတယ်။ နောက် ဘီလူးမက နွားမ ယောင်ဆောင်ခတ်လို့ သေပြီး တုသိတာ နတ်ပြည်မှာ ဖြစ်ရပါတယ်။

ဆိုလိုသည်မှာ လူများအတွက် တရားအားထုတ်ရန် ကြိုတင်သီလ စင်ကြယ်ထားရန် အဓိကမဟုတ်ကြောင်း။
အရိယသူတော်စဉ်သည် (မိုးကုတ်ဆရာတော်ဘုရားကြီ၏ စကားဖြင့်ဆိုရသော် သောတပန်ချိုမပေါက်)ဟုဆိုသောကြောင့် အရိယမှန်းမသိရှာဘဲ ပြစ်မှားမိ(ပြောမှား၊စွပ်စွဲမှား)သူသည် ယခုဘဝတွင် တရားမရနိုင် လောက်အောင် အလွန်အပြစ်ကြီးလေးကြောင်း။

Thursday, September 8, 2011

ကျွန်တော်သိသောဓမ္မာနုပဿနာ။

ဓမ္မာနုပဿနာ။ ။မည်သည့်နည်းနှင့်ဝိပဿနာရှုသည်ဖြစ်စေ ဓမ္မာနုပဿနာ၏သဘောကိုရောက် မှသာ တရားရနိုင်၍ လောကီသမာဓိကို ကြိုတင်လေ့ကျင့်ရန်မလိုပါ။ သဘာဝဝိပဿနာဆိုသည် ကြောင့် မိမိခန္ဓာကိုယ်၏ ပင်ကိုယ်ပြောင်းလဲဖောက်ပြန်မှု (ဖောက်ပြန်တဲ့သဘော)ကို တိုက်ရိုက်ရှု ရပါမည်။ဝိပဿနာ၏သမာဓိသည် ခဏိကသမာဓိဖြစ်၍ တစ်နေရာထဲတွင် အာရုံကြာရှည်စွာစူးစိုက် ထားရသော သမထများနှင့် မရောမိစေရန် သတိထားပါ။ တရားအားထုတ်ရန် ကြိုတင် ဥပုဓ်စောင့်ရန် မလိုပါ။ ...ခန္ဓာကိုယ်တွင်ငြိမ်သက်စွာ သတိကပ်လျှက် ခေါင်းကိုယ်ခြေလက်နားရွက်မျက်စိ ဟုခေါင်းစဉ် မတပ်ဘဲ သဘာဝအတိုင်း ပြောင်းလဲနေသော လှုပ်လှုပ်ရွရွမွမွ အေးအေးပူပူတောင့်တောင့် စီစီ တို့ ကို သိနေပါ။အစပိုင်းရှုရခက်နေပါက စိတ်ထဲမှထိုသည့် သဘောတို့ ကို (ဖောက်ပြန်သည့်သဘော) ဟု သိသိနေပေးပါ။ နေရာအနှံ့ ပြောင်းလဲသိနေပေးပါ။ တရားအားထုတ်စဉ် မည်သို့ ထိုင်ရမည် ဘယ် နှစ်နာရီထိုင်ရမည်တို့ ကို ဘယ်ဘုရားမှ မဟောသောကြောင့်၊ ခန္ဓာကိုယ်အားသက်သာ လွတ်လပ်စွာထား၍ တရားတော်အားရိုသေစွာ ရှုပွားရန်လိုပါသည်။ စတင်အားထုတ်ကတည်းက သင်သည် ဓမ္မံသရဏံဂစ္ဆာမိ ဖြစ်နေပေပြီ။ တချိန်ထဲမှာဘဲ မြတ်စွာဘုရား၏အဆုံးအမကို လိုက်နာ နေသူဖြစ်သောကြောင့် ဗုဒ္ဓသရဏံဂစ္ဆာမိ လည်းဖြစ်နေပါသည်။ တစ်ခါ အသင်သည် ရဟန်းတို့  သိသင့်ပွားများထိုက်သော တရားအား သိပွားနေသူဖြစ်သောကြောင့် သင်ကိုယ်တိုင်ပင် ထိုအခိုက်တွင် ဘိက္ခုဖြစ်လျှက် သံဃံသရဏံဂစ္ဆာမိလည်းဖြစ်နေသည်။ ဆိုလိုသည်မှာ တရားအားထုတ်သူတို့ မှာ သရဏဂုံ ၃ ပါးအား ရွတ်ဆိုရန် မလိုဘဲ တည်နေသည်ကို သတိပြုပါ။
တစ်ဖန် တရားကို အားထုတ်နေသော ထို အခိုက်တွင် အဓိသီလ၊အဓိသမာဓိ၊အဓိပညာ ဖြစ်နေသောကြောင့် အသန့် ရှင်းဆုံးသော သီလစင်ကြယ်မှု ဖြစ်နေ၏။ ဘုရားဟောသော သီလသည် သာ။ မှတ်ချက်။ ။ တရားအားထုတ်ရန် တကူးတက ဘုရားစင်ရှေ့ တွင် အခန့် သားသွား၍ အလုပ်လုပ်မှရမည်ဟု မယူဆစေလိုပါ။တနည်း၊ မည်သည့် ကျမ်းစာအုပ်တွင်မှမရှိပါ။
ကယ်တင်မည့်သူ ဟူ၍လောကတွင် မရှိကြောင်း ကိုလည်း သတိပြုပါ။ သို့ သော်လမ်းပြသူတော့ရှိပါ သည်။ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်ပင် ကယ်တင်ရှင်ဘုရားမဟုတ်ကြောင်း အတိအလင်းဟော ထားပြီးဖြစ်ပါသည်။
အာရုံပညတ်စွဲယူမှတ် ဖြစ်တတ်ကိလေသာ။
့ပရမတ်အာရုံသိခိုက်ကြုံ ပြတ်ကုန်ကိလေသာ။
ရည်ညွှန်း။ ။ဆရာကြီးဦးကြည်။
ဆရာဦးခင်မောင်ရီ။
အနတ္တလက္ခဏသုတ်။
မဂ္ဂင်၈ ပါး။
ကယ်တင်ရှင်ဝါဒမဟုတ်ကြောင်း။
ဒိဋ္ဌသရဏဂုံ။
ဓမ္မာနုပဿနာ(ခန္ဓပဗ္ဘပိုင်း)။
သဘာဝဝိပဿနာ။
ဧကာယနမဂ်တရားတော်။