Saturday, July 9, 2011

ကျွှန်ုပ်နှင့်ဘကြီးဘုန်းကြီး(၁)

ဆရာကြီးဦးကြည်၏ တရားများနှင့် အောင်ပီဗျတို့  မတွေ့ခင်က ဘကြီးဘုန်းကြီးစွမ်းသမျှ ကို အားကိုးတကြီး ခိုလှုံခဲ့ရပါသည်။ စာရေးသူမှ သမထလုပ်ငန်းများမှ ဝိပဿနာကို သဘောပေါက်လာပုံ ကို ပြန်လည်တင်ပြလို၍ ဆရာကြီးဦးကြည်ခေါင်းစဉ် အောက်တွင် ဘကြီးဘုန်းကြီးအကြောင်းများကို ထည့်သွင်းမိပါကြောင်း။




ဘုန်းတော်ကြီးဘွဲ့ =ဦးဆန္ဒောသာရ
ကျောင်းတိုက်အမည်=ဝိဇ္ဇာသိပ္ပံကျောင်း
သက်တော် ၉၃တွင် ဘဝနတ်ထံပျံလွန်တော်မူသည်။

ပဠာန်းဆရာတော်(ပဠာန်းဘုန်းကြီး)





ကျွန်တော်တို့ သည် ဘုန်းတော်ကြီးအား ချစ်စနိုးဖြင့် ဗိုလ်ဒေါကြီးဟု ခေါ်ကြသည်။ဘွဲ့ အမည် ကိုယ်က ဒေါပါသည်က တစ်ကြောင်း၊စိတ်သဘောရိုးဖြောင့်သော်လည်း စိတ်တိုတတ်သည်ကတစ်ကြောင်း ကြောင့် ဘုန်းဘုန်း ဟုတစ်မျိုး၊ ဗိုလ်ဒေါကြီးဟုတစ်သွယ် ခေါ်ကြ၏။ သူများထက်ထူးကဲတတ်သော ကျွန်တော် အောင်ပီဗျ ကမူ ဘကြီးဘုန်းကြီးဟု ခေါ်ပြန်သည်။ ကျွန်တော်တို့  မြန်မာဓလေ့တွင် အဖေကို အဘ၊ အဘိုးကို ဘကြီး ဟု ခေါ်သည့်နည်းတူ အဘိုးအရွယ် ဘုန်းဘုန်းအား ထိုကဲ့သို့ ခေါ်ရသည်ကို အရသာတွေ့ လှတော့၏။ ကျွန်တော် ရှည်လျားစွာ ဘုန်းတော်ကြီးနှင့်ပတ်သက်သော အမည်များကိုရေးသား နေသည်မှာ အကြောင်းများ စွာရှိလှ၏။ဖော်ပြအံ့။
တစ်နေကုန် ပဠာန်း(၂၄)ပစ္စည်းကိုရွတ်၍ ပုတီးစိပ်လေ့ရှိပြီး၊ တနှစ်တခါလည်း အနယ်နယ်အရပ်ရပ်မှ ဘုန်းတော်ကြီးများကို ပင့်ကာ စုပေါင်းပဠာန်းရွတ်ပူဇော်ပွဲ များကိုဦးဆောင်ကျင်းပလေ့ရှိသဖြင့်လည်း ပဠာန်းဘုန်းကြီးဟု ခေါ်ကြပြန်သည်။ ပဠာန်းရွတ်ပွဲမှရသော ပဠာန်းရေသည် ပရိတ်ရေကဲ့သို့ ပင်အစွမ်းထက်လှသည်ဟု ဆိုကာ ရိုရိုသေသေသောက်သုံးကြပြန်သည်။ အချို့ သောစီးပွားရေးသမားများ သည် ဘုန်းတော်ကြီး၏ ပဠာန်းရေများကို မိမိတို့ ၏ ရောင်းရးဝယ်တာကိစ္စများအတွက် အသုံးချကြပြန်သည်။ ယုံကြည်သလောက်လည်း အကျိုးပေးထက်သန်ကာ စီးပွားကောင်းကြသဖြင့် အလုအယက် ချဉ်းကပ်ကြပြန်သည်။ အချို့ ဒါယိကာများသည် မိမိတို့ အသစ်ဝယ်လာသော ကားကို ဘုန်းကြီးကျောင်းသို့ မောင်းလာပြီး၊ ဘုန်းဘုန်းကားကို အန္တရာယ်ကင်း ပရိတ်ရွတ်ပေးပါဟု လျောက်ထားလာကြသည်။ ဘုန်းကြီးမှာမနေသာဘဲ ကားပေါ်တက်၍ ရွတ်ဖတ်ရပြန်၏။ နှစ်နှင့်ချီကာ ရောင်းမထွက်သောကားများသည် ဘုန်းတော်ကြီး၏ ပရိတ်တန်ခိုးကြောင့် ၁ရက် ၂ရက် အတွင်းဈေးကောင်းရကာရောင်းထွက်သွားသည်ဟု ယုံကြည်ကြသည်။ ထိုသည်များ အတွက်ကြောင့် ပဠာန်းဘုန်းကြီးဟု ခေါ်ကြပြန်သေးသည်။ ကျွန်ုပ်၏ ကိုယ်တွေ့ ဖြစ်ရပ်တစ်ခုလည်းရှိသေး၏။ တနေ့ သောမှောင်ရီပျိုးစ အချိန် ကလေးငယ်တစ်ယောက်အား ချီလျက် ဒေါ်နီဆိုသော မိန်းမကြီးတစ်ဦးသည် ဘုန်းကြီးကျောင်းသို့ အမောတကော ရောက်လာ၏။ ရောက်လျင်ဆရာတော်သီတင်းသုံးရာ သို့ တက်လာကာ ဘုန်းဘုန်းတပည့်တော်မ မြေးကလေး ညည သန်းခေါင်ယံအချိန်ရောက်ရင် အိပ်ပျော်နေရာက လန့် နိုးပြီးငိုတယ်ဘုရား၊ ၃ည ရှိပြီ၊ တပည့်တော်မတို့ ကိုကယ်ပါဘုရားဟု လျောက်ထားလာပါသည်။ ဘုန်းကြီးမှ ပဠာန်း ရေအနည်းငယ်သောက်စေ၍ ကလေးငယ်၏ခေါင်းအား လက်ဖြင့်သပ်ကာ မေတ္တာပွားပို့ ပါသည်။ ထိုမြေးအဘွားနှစ်ဦးပြန်သွားပြီး သိပ်မကြာမှီတွင် အဖြစ်ဆန်းတစ်ခု ထပ်မံတွေ့ ရပြန်ပါသည်။ ခေါင်း ကိုယ် လက် တို့ အားမမြင်ရသော ကျိုးဖြင့် တုပ်နှောင်ထားသကဲ့သို့ ဖြစ်နေသော အသားမဲမဲမိန်းမကြီးတစ်ဦးသည် တစ်စုံတစ်ခုအားကြောက်ရွံ့ စိုးရိမ်နေသော အမူအရာဖြင့် ဘုန်းကြီးကျောင်းဝင်းထဲသို့ ဝင်လာကာ ဘုန်းကြီးသီတင်းသုံးသော ကျောင်းပေါက်တွင်ရပ်နေ၏။ နုတ်မှလည်း ကြောက်ပါပြီ၊တပည့်တော်ကို ခွင့်လွတ်ပါဟု အကြိမ်ကြိမ် ရေရွတ်နေ၏။ ထိုအခါ ဘုန်းဘုန်းက"ဟဲ့ ဒကာမ၊ ငါ နှင့်ကို ဘယ့်နှယ့်ပြုတုန်း။ အကြောင်းမှန် ပြောစမ်းဟု" ခပ်ဆတ်ဆတ် ပြောလိုက်တော့၏။ ထိုသည့် မိန်းမကြီးသည် အသားတဆတ်ဆတ်တုန်ယင်ကာ မျက်ရည်တွေတွေကျလျက် "တပည့်တော်မ စွယ်တော်ဘုရား အနီး ညောင်ပင်ကပါ၊ လွန်ခဲ့သည့်ရက်က တပည့်တော်မ၏သားငယ် သေဆုံးသွားလို့  အစားပြန်လိုချင်လို့  ဒေါ်နီရဲ့မြေးကလေးကို ပြုစားမိပါသည်။ အခု ရုက္ခစိုးမင်းက ဦးဆန္ဒောအား သွားရောက်တောင်းပန်ရမယ်၊ ညောင်ပင်တွင်လည်း ဆက်လက် နေခွင့်မရှိတော့ဘူး။" ဟုတုန်လှူပ်စွာ မတ်တတ်ရပ်လျက် ပြောပါသည်။ ဘုန်းဘုန်းက "ဟဲ့ ဒကာမ ရှေ့ ကိုတိုး၊ ငါ့ ကိုဦးချ၊ ကလေးတွေကိုလည်း စောင့်ရှောက်။ အသင်၏ နေရာအတွက် ငါမေတ္တာပို့ ပေးမယ်" ဟုမိန့် ၏။ ထိုအခါ မိန်းမကြီးက "တပည့်တော်ထိုင်လို့ မရဘူး၊ ကျိုးတွေကိုအရင်ဖြေပေးပါဦး" ဟုပြောသောအခါ ဘုန်းကြီးက လက်စွဲတော် ပဠာန်းရေစင်ဖြင့် ဖျန်းပက်ပေးလေ၏။ တခဏအကြာတွင် လွတ်လပ်သွားသောအမူအရာဖြင့် ဘုန်းဘုန်းအား ပဆစ်တုပ်ဝပ်ချလျက် ကုန်းကုန်းကြီးငြိမ်နေပြန်၏။ အနီးရှိကပ္ပိယ ဦးမြင့်မှ ဆွဲထူလိုက်သောအခါမှ ထိုသည့်မိန်းမကြီးသည် အဖြစ်အပျက်အားလုံးအား သူလုံးဝ မသိသော အမူအရာဖြင့် တောင်ကြည့်မြောက်ကြည့် လုပ်နေသေး၏။ အမနုဿသည် ထိုသည့်မိန်းမကြီးအား ပူးဝင်နှောက်ယှက်စေစားလျက်ရှိသည်ဟု နောင်တွင်ဘုန်းဘုန်းက ပြန်လည်အမိန့် ရှိပါသည်။ ကျွန်တော်၏ စိတ်ဘဝင်တွင်လည်း တယ် ဟုတ်တဲ့ ဘကြီးဘုန်းကြီးပါလားဟု ကျေနပ်ဝမ်းမြောက်မိတော့၏။ ဘကြီးဘုန်းကြီး၏ အလွန်အစွမ်းထက် လှသည်ဆိုသော ပဠာန်းပုတီးစေတီတည်နည်းကို အလျင်းသင့်လျင် ဖော်ပြပါမည်။

မြေလျောက်ဝိဇ္ဇာ





ဘကြီးဘုန်းကြီးသည် ရန်ကုန်မြို့  ၉မိုင်တဝိုက်တွင် ယခုအခါကဲ့သို့ မစည်ကားသေးသော မြန်မာနိုင်ငံလွတ်လွပ်ရေးကာလ နှောင်းပိုင်းအချိန် လောက်က ဒုတိယကမ္ဘာစစ် လက်ကျန်ကားပျက်တစီး၏ ဘော်ဒီကို ယာယီကျောင်းအဖြစ် အသုံးပြုကာ ဂမ္ဘီရကျင့်စဉ်များကို ပွားများလျက်ရှိသည်ဟု သိမှီသူများကဆိုကြသည်။ နောင်တွင် အေဝမ်းရုပ်ရှင်မင်းသားကြီးတစ်ဦးက ၄င်းကောင်း ပိုင်သော မြေနေရာအချို့ အား ဘုန်းတော်ကြီးအား ကျေင်းဝင်းအဖြစ်အပြီးလှူလိုက်တော့၏။ ထိုသည့်နောက်ပိုင်း ဝိဇ္ဇာသိပ္ပံကျောင်းတိုက်ဆရာတော်ဟု ကျော်ကြားလာပါသည်။ ဘုန်းဘုန်းသည် ရန်ကုန်မြေတွင် အခြေချသီတင်း မသုံးခင်က မသုံးလုံးနယ်မြေဖြစ်သော မလှိုင်ဇာတိတွင် သီတင်းသုံးနေသေး၏။ ထိုသည့်ဒေသမှ ရန်ကုန်မြို့  ရွှေတိဂုံဘုရားသို့  ဆီမီးပူဇော်ရန်ဟုဆိုကာ ၅ပိသာ ဆီပုန်းကို ကိုယ်တော်တိုင် ထမ်းကာ ခြေကျင်ခရီးဖြင့် ရန်ကုန်သို့  ကြွလာ၏။ ရွှေတိဂုံဘုရားတွင် ဆီမီး ပူဇော်ပြီးလျင်လည်း ခြေကျင်ပင် မိုင်ပေါင်းများစွာ ပြန်လည်ကြွချီပြန်၏။ အချို့ က ဘုန်းတော်ကြီးအား ရန်ကုန်နှင့် မလှိုင်ဒေသတို့ တွင် တပြိုင်တည်း လိုလိုတွေ့ ရသည်။ ရွှေတိဂုံဘုရားတွင် တပါတ်တခါ နီးပါး ဆီးပုန်းကြီးထမ်းကာ တွေ့ ရတတ်သည် ဆိုကြပြန်သည်။ ဘုန်းကြီးမြေကြောရှု့ ကာ ကြွလာသည်ဟု ပြောစမှတ်ပြုကြသည်။ ကျွန်တော်သည် သိလိုဇောဖြင့်  ဘကြီးဘုန်းကြီးအားထိုအကြောင်း များမေးတတ်သည်။ "ဘုန်းဘုန်း ဘယ်လိုလုပ် ခရီးအဝေးကြီးကို ကြွလာနိုင်ပါလဲ" ဟုမေးလျောက်တတ်၏။ ထိုအခါ..........
ဆက်လက်ရေးသားပါမည်(အောင်ပီဗျ)

သင်တရားရမည့်သူလား။

တရားရမည့်သူ
ပ​ဋိဘာဂ သမထာ ထင်လာတိဟိတ်တည်း။
ဥဒယဘယာ ဝိပဿနာ ထင်လာတိဟိတ်တည်း။

တရားမရနိုင်သောသူ။
နိဗ္ဗာန်မမြင် မဂ်မထင်လူတွင်(၆)ယောက်ထုတ်
ကံကိလေသ ဝိပါက အဿ အစ္ဆနဒုပ်။
၁။ကံ=ပဉ္စာနန္တရိယကံ ကျူးလွန်သူ။
၂။ကိလေသ=ကိလေသာအားကြီးသူ၊နိယတ မိစ္ဆာအယူရှိသူ။
၃။ဝိပါက=အမိဝမ်းတွင်းကထဲက ကျိုးပင်းလာသူ။
၎။အဿ=ရတနာသုံးပါးအပေါ်အယုံအကြည်မရှိသူ။
၅။အစ္ဆ=တရားအားထုတ်ရန်ဆန္ဒကင်းသူ။ပျင်းသူ။
၆။ဒုပ်=ဒုပညာ(ပညာဟိတ် အမောဟဟိတ်ကင်းသူ)။