ဆရာကြီးဦးကြည်၏ တရားများနှင့် အောင်ပီဗျတို့  မတွေ့ခင်က ဘကြီးဘုန်းကြီးစွမ်းသမျှ ကို အားကိုးတကြီး ခိုလှုံခဲ့ရပါသည်။ စာရေးသူမှ သမထလုပ်ငန်းများမှ ဝိပဿနာကို သဘောပေါက်လာပုံ ကို ပြန်လည်တင်ပြလို၍ ဆရာကြီးဦးကြည်ခေါင်းစဉ် အောက်တွင် ဘကြီးဘုန်းကြီးအကြောင်းများကို ထည့်သွင်းမိပါကြောင်း။
(၁)မှအဆက်...........................................................................................................ထိုအခါ ဘဘုန်းသည် ထိုင်နေရာမှထကာ စိတ်ဆိုးဟန်ဖြင့် "ဟောဒီလို ဟောဒီလို ဒီခြေထောက် နဲ့ ကိုလမ်းလျှေက်လာတာကွ" ဟုဆိုကာ သုံးလေးလှမ်းလောက်လှမ်းပြပါသည်။ ပြီးသောအခါ ကုလားထိုင်တွင်ပြန်ထိုင်၍ ဘာစကားမျှမဆိုတော့ပါ။ အောင်ပီဗျသည်လည်း မည်သည့်စကားမျှ မဆိုသာတောဘဲ ဆိတ်ဆိတ်နေလိုက်တော့၏။ အနီးတွင် မယောင်မလည်နှင့် ရှိနေသော ဦးပဇ္ဇင်းကြီး ဦးကျော်ဝင်းက အသာလက်တို့ ကာ မျက်ရိပ်ပြကာ သူ့ နောက်လိုက်ခဲ့ဖို့ ခေါ်ပါသည်။ "မင်း၊ စေတလုံးပိုင် ဆရာတော်ဆိုတာ ကြားဖူးသလား။ အဲဒါ ဘုန်းကြီးရဲ့  လက်ရင်းဆရာဘဲ။" ဟုဆိုကာ စကားစလာပါသည်။ ထိုသည့် ဦးဇင်းကြီးသည် တောထွက်ဘုန်းကြီးတစ်ပါးဖြစ်သည်။ ဘွဲ့ အမည်မှာ ဦးဃောသိတ ဖြစ်သော်လည်း လူဝတ်စဉ်က အမည်အတိုင်း အများကဆက်လက် ခေါ်ဆိုကြသည်။
အကျွန်ုပ်လည်းသိလိုဇောဖြင့်အောက်ပါ အတိုင်းဆက်လက်မေးလျှောက်လိုက်၏
ပီ။ ။တခါမှမကြားဖူးဘူး။ ဘာဖြစ်လို့ လည်းဦးဇင်းကြီး။
ဇင်း။ ။သူရို့ ဝိဇ္ဇာဓရကျင့်စဉ် မှာ သမားစဉ်ဆိုတာ ရှိသကွဲ့ ။ လက်ဦးဆရာအကြောင်းကို မပြောရသေးဘဲ(ဦးမတိုက်ရသေးဘဲ) ဒုတိယ၊တတိယဆရာတွေအကြောင်းကို စမပြောဘူး။ နောင်ကို ဘာပဲသိချင် သိချင်၊ လိမ်လိမ်မာမာ နဲ့ မေးလျှောက်တတ်ဖို့ အရေးကြီးတယ်။
ပီ။ ။ တင်ပါ့။
ဇင်း။ ။ မင်းသိပ်သိချင်ရင်၊ ငါသိမှီသလောက်ပြောပြမယ်။ဒီလို...
ပီ။ ။ တင်ပါ့။
ဇင်း။ ။ ရှင်စေတလုံးဆရာဟာ ပဋ္ဌာန်းစေတီ ပုတီးနှင့် စေတီ ၉သန်းတိတိ ပွားများအပြီးထွက်ရပ်လည်းသို့ ကြွမြန်းခါနီးပေါ့။
ပီ။ ။ အဲဒါ ဘယ်ဒေသမှာလည်း ဦးဇင်း။
ဇင်း။ ။မဟာမြိုင်အပြင်တောမှာကွ။
ပီ။ ။ ဟာ၊တပည့်တော် နားမရှင်းဘူး၊ ရှင်းပြပါဦး။