Saturday, July 16, 2011

မဂဓဘာသာ(သို့ )BUDDHIST LANGUAGE

ပါဠိဟူသောပုဒ်သည် စောင့်ရှောက်ခြင်းအနက်၊ ထိန်းသိမ်းခြင်းအနက်၊ စီတန်းခြင်းအနက်၊ သီကုံးခြင်းအနက်၊ ကန်သင်း ကန်ဘောင်ဆည်ခြင်းအနက်တို့ကို ဟောသည်။ ထိုပါဠိအမည်ရသည့် ဘာသာစကားကို မဂဓတိုင်းသားတို့က မိခင်စကား၊ ဖခင်စကားအဖြစ် ပြောဆိုကြသည်၊ ရေးသားကြသည်၊ သုံးစွဲကြသည်။ မဂဓတိုင်းသည် ထူးခြားမွန်မြတ်သည့် တိုင်းတစ်ခုဖြစ်သည်။ ဘုရားအဆူဆူတို့သည် မဂဓတိုင်း၌ ပွင့်တော်မူကြကုန်၏။ မဂဓတိုင်းသားတို့၏ ဘာသာစကားနှင့် စာပေသည် ဇမ္ဗူဒီပဟူသော အိန်္ဒိယပြည်ကြီး၌ လွှမ်းမိုးကျယ်ပြန့်လျှက် ရှိခဲ့သည်။ လူအများပြောဆို သုံးစွဲသည့် ဘာသာစကား၊ ကလေးများပင်လျှင် နားလည်လွယ်သော၊ တောသားတောင်သူတို့ပင် နားလည်လွယ်သော အများသုံးဘာသာစကား၊ Common Language ဖြစ်သည်။
သိဒ္ဓတ္ထဂေါတမဗုဒ္ဓသည် သက္ကတိုင်းသားပင် ဖြစ်ငြားသော်လည်း သက္ကဘာသာစကားကိုသုံးစွဲ၍ သူ၏ဓမ္မတို့ကို မဟောကြားခဲ့၊ လူအများတို့၏ အကျိုးစီးပွားအလို့ငှာ ပွင့်တော်မူလာသော မြတ်ဗုဒ္ဓသည် သူ၏ဓမ်္မကို လူအများတို့ သိနားလည်စေချင်သောကြောင့် အများသုံးဘာသာ စကားကို သုံးစွဲ၍ သူ၏ဓမ္မတို့ကို ဟောပြောဖြန့်ချိတော်မူခဲ့သည်။ ယနေ့ခေတ်တွင် ဗုဒ္ဓဓမ္မတို့ကို ကမ္ဘာသို့ပြန့်ပွား စေရန် ကမ္ဘာသုံးဘာသာစကားဖြစ်သည့် အင်္ဂလိပ်ဘာသာဖြင့် ဖြန့်ချိရသကဲ့သို့ပင် ဖြစ်သည်။ အင်္ဂလိပ်ဘာသာ၏ ပေါက်ဖွားရာ၊ မြစ်ဖျားခံရာ ဘာသာသည် လက်တင်ဘာသာဖြစ်ငြား သော်လည်း လက်တင်ဘာသာစကားကို ယနေ့ပြောဆိုသုံးစွဲနေမည်ဆိုလျှင် လူတန်းစားအားလုံး နားလည်ဖို့ရန်မဖြစ်နိုင်ပေ။ ထိုနည်းတူစွာပင် မြတ်ဗုဒ္ဓသည် သူကိုယ်တိုင် ပြောဆိုသုံးစွဲခဲ့သော မဂဓဘာသာဖြင့်သာလျှင် သူ၏ဓမ္မတို့ကို ထိန်းသိမ်းရန်, စောင့်ရှောက်ရန်, စနစ်တကျ စုစည်း သီကုံးထားရန် သုတ်၊ ၀ိနည်း၊ အဘိဓမ္မာ၊ သို့မဟုတ် ဒီဃ၊ မစ္ဇျိမ၊ ခုဒ္ဒက စသည်အားဖြင့် ကန်သင်း ကန်ဘောင်ခတ်၍ စနစ်တကျ ထိန်းသိမ်းရန် လမ်းညွှန်မှာကြားဆုံးမတော်မူခဲ့ပါသည်။ လက်တင်ဘာသာကဲ့သို့ ပညာတတ် လူနည်းစုတို့သာ သိရှိနားလည်နိုင်သော သက္ကတဘာသာဖြင့် သူ၏ဓမ္မကို ထိန်းသိမ်းရန်ကိုကား တားမြစ်ပိတ်ပင်တော်မူခဲ့လေသည်။ ထို့ကြောင့်ပင် ရှေးမူနှင့် အစဉ်အလာကို မြတ်နိုးတော်မူကြကုန်သော မြတ်ဗုဒ္ဓ၏ အဆုံးအမ (ဓမ္မ၀ိနယ)ကို ဗုဒ္ဓ လက်ထက်တော်က မူအတိုင်း ရှေးမူမပြတ် ထိန်းသိမ်းစောင့်ရှောက်တော်မူလိုကြကုန်သော ထေရ၀ါဒီ သံဃာတို့သည် ဗုဒ္ဓပါဝစနတို့ကို နှစ်ပေါင်း ၂၅၀၀ ကျော် ခရီးတစ်လျှောက် ပါဠိဘာသာ၊ မဂဓ ဘာသာဖြင့်သာလျှင် ထိန်းသိမ်းစောင့်ရှောက်တော်မူခဲ့ကြကုန်၏။ သို့ဖြစ်ခြင်းကြောင့် ပါဠိဘာသာ ကို Buddhist Language ဗုဒ္ဓဘာသာဟု ခေါ်ဆိုနိုင်ပေသည်။
မြတ်ဓမ္မ၏ သဘောတရားကို အရင်းအမြစ် အနှစ်ထိအောင် နားလည်တတ်မြောက်လိုလျှင် ပါဠိ၊ မဂဓဘာသာကို အရင်းအမြစ် အနှစ်ထိအောင် သင်ရမည်သာဖြစ်သည်။ အရင်းအမြစ်အနှစ်ထိအောင် မသင်ကြားနိုင်လျှင်၊ မတတ်မြောက်လျှင် ဓမ္မရသ၊ ၀ိမုတိ္တရသတို့ကို အပြည့်အ၀ ခံစားနိုင်ကြမည်မဟုတ်ပေ။ သာသနာနှစ် ၅၅၀ ခန့်က သဗ္ဗတ်္ထိဝါဒီဂိုဏ်းသားတို့ ပါဠိဘာသာကို သက္ကတဗုဒ္ဓဘာသာသို့ ပြန်ဆိုခဲ့ကြသည်။ ထိုဂိုဏ်းသားတို့၏ သက္ကတဘာသာသည် မြောက်ပိုင်းမဟာယာနဂိုဏ်းသားတို့၏ ဗုဒ္ဓ၀ါဒ ရေသောက်မြစ်ဖြစ်လေသည်။ ပါဠိမှ သက္ကတ၊ သက္ကတမှ တရုတ်ဘာသာသို့ အဆင့်ဆင့် ဘာသာပြန်ပြီးမှ ဗုဒ္ဓဓမ္မကို ရရှိကြကုန်သော တရုတ်၊ ကိုရီးယား၊ ဂျပန် ဗုဒ္ဓဘာသာဝင်တို့သည် ယနေ့ခေတ်၌ ထေရ ၀ါဒ ဗုဒ္ဓဘာသာဘက်ကို ဦးလှည့်လာနေကြသည်မှာ ကျူတောထဲကလူတွေ ကျွန်းတောဘက်သို့ ရွှေ့ပြောင်းနေကြသည်နှင့်တူ၏။
ထို့ကြောင့် ယနေ့ ကျွန်ုပ်တို့ ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် မြတ်ဓမ္မ၏ အရင်းအမြစ် အနှစ်တို့ကို ထိထိရောက်ရောက် မိမိပေါက်ပေါက် တတ်ကျွမ်းနားလည်ဖို့ရန် ပါဠိတက္ကသိုလ်ကျောင်း တိုက်ကြီးများကို တည်ဆောက်သင်ကြား ပို့ချနေကြခြင်းဖြစ်သည်။ ထို့ကြောင့် ထေရ၀ါဒတို့၏ မူစနစ်ကား ကျွန်းတောမှ ကျွန်းတောသို့ ဖြစ်၏။ ကျွန်းတောမှ ကျူတောသို့ ဘယ်တော့မှမပြောင်း။ ပြည်ထောင်စု မြန်မာနိုင်ငံတော်သို့ ဗုဒ္ဓသာသနာရောက်ခဲ့သည်မှာ ပါဠိဘာသာဖြင့် ရောက်ရှိလာ ခဲ့ခြင်းဖြစ်၏။ မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ ဗုဒ္ဓသာသနာပြန့်ပွားသွားခြင်းမှာလည်း ပါဠိဘာသာဖြင့် သာလျှင် ပြန့်ပွားသွားခြင်းဖြစ်၏။ ထေရ၀ါဒီတို့၏ သင်္ဂါယနာ (၆)တန်သည် ပါဠိဗုဒ္ဓဘာသာကို (၆) ကြိမ်တိုင်တိုင် အတည်ပြု (ထပ်မံအတည်ပြု) Reconfirm သို့မဟုတ် Recommend ပြုလုပ်တော် မူကြခြင်းဖြစ်သည်။ ယနေ့ ကမ္ဘာ့ဗုဒ္ဓဘာသာနယ်မြေ၌ မြန်မာ့ထေရ၀ါဒ ဗုဒ္ဓဘာသာ ရှေ့တန်းနေရာ မှာ ရောက်ရှိနေခြင်းသည် မြန်မာ့ထေရ၀ါဒ ပါဠိစာပေ သင်ကြားရေးစနစ်၏ ထိရောက်မှုကြောင့်ပင် ဖြစ်သည်။ သီဟိုဠ်၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံတို့၌ အဘိဓမ္မာ သင်ကြားနည်းစနစ် ပျောက်ကွယ်ခဲ့ပြီးဖြစ်သည်။ ၀ိနည်း(၅)ကျမ်း ပေါက်ရောက်အောင် သင်ကြားသည့်စနစ်လည်း မရှိတော့ပါ။ ၀ိနည်း၌ ပါတိမောက္ခ၊ အဘိဓမ္မာ၌ အဘိဓမ္မတ္ထသင်္ဂဟ၊ သုတ္တန်၌ သုတ္တသင်္ဂဟမျှလောက်သာ သင်ကြားသည့် စနစ်သို့ ရောက်နေကြပြီဖြစ်ရာ နိဗ္ဗာန်မြို့တော်ကြီး၏ တံခါးဝဆီသို့ ကွေ့ကောက်ရှည်လျားစွာ ဖောက်ထားသောလမ်းပေါ်၌ (အ၀ိဇ္ဇာ၊ တဏှာ၊ ဒိဋ္ဌိ) ချုံမြက်ပေါင်းတို့ ထူထပ်စွာပေါက်ရောက် နေရာဝယ်၊ အပေါ်ယံချုံနွယ်ကလေးများကို အသာနှင်၍ နိဗ္ဗာန်တံခါးဝကို လမ်းထိပ်မှ၊ ခပ်လှမ်းလှမ်းမှ လှမ်းမျှော်၍ လမ်းလွဲသွားကြကုန်သော သံသရာခရီးသည်များ ဖြစ်ကြလေကုန်ပြီဟုဆိုလျှင် မှားအံ့မထင်။



မည်သည့်ဘာသာစကားကိုမျှ မကြားရဘူးသော ကလေးစသည်တို့ မှာ မဂဓဘာသာကို မသင်ကြားရပဲ အလိုလိုတတ်လာကြောင်း စသည်။ဤဘာသာစကားသည်သာ မူလဘူတဖြစ်ကြောင်း အရိယာဝေါဟာရဖြစ်ကြောင်း သမ္မောအဋ္ဌကထာ၌ မိန့် ဆိုထားသည်။


ရည်ညွှန်း။(ကူးယူ)


(၁)သီတဂူဆရာတော်။ခေတ်မှီပါဠိသင်ကြားနည်းစနစ်ဖြင့် နိဗ္ဗာန်တံခါး ခေါက်ကြပါစို့။
(၂)ဆရာကြီးဦးကြည်။

အားကိုးရာတရား။

၁။ခန္ဓာကိုယ်တွင် သတိယှဉ်၊ မှန်ပင် ရှုကြည့်သော်။
၂။ဖောက်ပြန်ပြောင်းလဲ မျိုးစုံပဲ မလွဲဥာဏ်၌ပေါ်။
၃။ဆက်၍ ရှုပြန်ပျက်သည်မှန် ဧကန်တွေ့ လိမ့်နော်။
၎။ဖောက်ပြန်ပျက်စီး သိပျက်စီး ဆက်ပြီးသိပါသော်။
၅။ဤကိုယ်ခန္ဓာ အားကိုးရာ၊ဘယ်မှာ ရှိလိမ့်နော်။
၆။ဓမ္မသရဏာ မြတ်ဗုဒ္ဓါ ဟောကာညွှန်ပြသော်။
ရ။ဖောက်ပြန်ပြီးပျက် သိပြီးပျက် ဥာဏ်တက်ခါများနော်။
၈။အားကိုးမရ သဘာဝ စိတ်ချသိနေသော်။
၉။ဤသို့ သိရာ ယောဂီမှာ ရရာအားကိုးနော်။
၁၀။အတ္တဒီပ သုတ်အရ ဗုဒ္ဓမိန့် ခွန်းတော်။

အရိယာ၏ မဟာပစ္စဝေက္ခဏာ ၇ချက်။(ကောသမ္ဘိရသုတ်)

၁။ညစ်ညူးမှန်စွာ၊ ကိလေသာ ထိုခါဖြစ်ပေါ်၏။
ဖြစ်လေသောအခါ မြန်မကြာ ငြိမ်းရာ ခန္ဓာကြည့်။
၂။ဖြစ်ပျက်ရှုရာ အရိယာ မှန်စွာ ငြိမ်းအေး၏။
ငါသည် တမူရှုတတ်သူ ထို့ တူငြိမ်းမည်သိ။
၃။ဗုဒ္ဓမြတ်စွာ သာသနာ အရိယာအမှန်ရှိ။
သာသနာပြင်ပ မဂ်လမ်းစ မုချမရဘိ။
၎။သူတော်သူမြတ် ပြစ်အာပတ် ဖြစ်လတ်ရံခါရှိ။
ဖြစ်မှန်းသိလျှင် မြန်စွာပင် ပြစ်စင်ကုစား၏။
၅။လောကလူ့ ဘုံ မှူမျိုးစုံ တိုက်ဆုံဖြစ်သော်ရှိ။
သီလသမာ ဓိပညာ မှန်စွာမခိုက်ထိ။
၆။ဝဋ်မှထွက်ရာ မြတ်သစ္စာ ထိုခါဟောလေ၏။
စိတ်ထဲဝမ်းထဲ မှတ်ယူစွဲ ဥာဏ်မြဲနာယူဘိ။
၇။ပရမတ်တရား နာမှတ်သား တွေ့ ငြားခန္ဓာကြည့်။
တွေ့ လေသိလေ ဝမ်းမြောက်ပေ၊ စိတ်နေ ချမ်းအေး၏။

ပရမတ်သိမြင် ယောဂီရှင်ကား ကိုယ်တွင်ရှုကြည့် သစ္စာသိ၍၊ လက်ရှိခန္ဓာ ဖောက်ပြန်စွာသား သက္ကာဒိဋ္ဌိမှားယွင်းဘိကြောင့်၊ ငါသိငါမြင် စိတ်အထင်ကို မဂ်လျှင်ဥာဏ်စ ပထမဖြင့် ပယ်ချသတ်ပြီး အရိယာကြီးကား ခရီးမဂ်ထောက် ရောက်မရောက်ကို နှိုင်းထောက် ချင့်ကြည့် ကောသမ္ဘိယ သုတ်အရလျှင် မုချသိနိုင် ဥာဏ်လက်ကိုင်သည် ပိုင်ပိုင်မြင်သိခန္ဓာတည်း။