Tuesday, September 20, 2011

သုဘရာဇာ။

ယောဂီတို့။

အကြောင်းတရား ၄ပါးဟုဆိုအပ်သော ၁)ကံ ၂)စိတ် ၃)ဥတု ၄)အာဟာရ တို့က စေ့ဆော်ပုံဖော် သဖြင့် ဓါတ်၎ပါး အဖွဲ့အစည်းဖြစ်သော ၁)ခက်မာခြင်း ၂)ဖွဲ့စေးခြင်း ၃)ပူအေးခြင်း ၄)ထောက်ကန်ခြင်းတို့ တည်းဟူသော ခန္ဓာ ၅ပါး ၁)ဖောက်ပြန် ၂)ခံစား ၃)မှတ်သား ၄)ပြုပြင် ၅)သိဝိဥာဏ် တို့သည် ဖြစ်ပေါ်လာကြ၏။

ထိုသည့်ဓါတ် ၄ပါးတို့ သည် အချင်းချင်း ရုန်းကန်ဆွဲငင်ကြကာ အမြဲပင် ပြောင်းလဲဖောက်ပြန်ရွေ့ လျားနေကြ၏။ တရံမလပ်လည်း ဖြစ်သောခဏတွင်ပင် ပျက်ကြပြန်၏။ လက်ဖြစ်တတွတ်ဆိုသော အချိန်အတွင်းမှာပင် ရုပ်ခန္ဓာပေါင်း ကုေ​ဋ ၅ထောင်၊ နာမ်ခန္ဓာပေါင်း ကုဋေ ၃ သန်းမျှ ဖြစ်လျက် ပျက်နေကြရ၏။တနည်း သေနေကြရ၏။သို့သော်လည်း အကြောင်း ၄ပါးတို့ က အဆက်မပြတ် ထောက်ပံ့ခွင့်ရနေကြသော အချိန်တို့ တွင် ဆက်လက်အသက်တည်ရှိနေသည်ဟု မြင်ရကြားရသိရ၏။ အထောက်အပံ့ အကြောင်းတခုခုက မပြောမဆိုရုပ်သိမ်းပါက သေဆုံးပြီဟု ထိုအခါသတ်မှတ်ကြသည်။ ပရမတ်တရားဖြင့်ကြည့်ပါမူ သတ္တဝါတို့ သည် အချိန်တိုင်းပင်သေနေကြသည်။ အဆက်မပြတ် အစားထိုးခွင့်ရနေဖို့ရန်အတွက် ကြောင့်ကျနေရသည်။

ထိုကဲ့သို့ အချိန်တိုင်းသေ နေရသည်ကို အသုဘဟု ခေါ်နိုင်သည်။ အသုဘဟူသည် မတင့်တယ်ခြင်း၊မြင်မကောင်းခြင်း ဟု အဓိပ္ပါယ်ရ၏။ ထိုအသုဘကောင်ကို တင့်တယ်အောင်၊မြင်ကောင်းအောင်၊မွှေးကြိုင်နေအောင်၊ သုတ်သင်ရှင်းလင်းပြုပြင်သောသူကို သုဘရာဇာဟု သမုတ်ကြသည်။

သို့ဆိုလျှင် နေ့စဉ်ပင် မိမိကိုယ်ကို တင့်တယ်လှပအောင် ပြုပြင်နေရသော ကျွန်ုပ်တို့သည်......။

Sunday, September 11, 2011

ကြီးလေးသောအပြစ်။

လူတစ်ယောက် အနေနဲ့ ရှေ့ပိုင်းမှာ သီလ မစင်ကြယ်ခဲ့ ပေမယ့် ပဉ္စာနန္တရိယ ကံငါးပါးရယ်၊ ဘိက္ခုနီဒူသနကံရယ် (ဘိက္ခုနီဒူသနကံဆိုတာ ဘိက္ခုနီမကို ဖျက်ဆီးတာပါ။ ဒီခေတ် မှာတော့ ဘိက္ခုနီဆိုတာ မရှိတော့ပါ) အရိယူပ ဝါဒကံရယ် (အရိယာကို ပြစ်မှားတဲ့ကံပါ) ဒီကံမျိုးတွေကို မကျူးလွန် ရသေးဘူးဆိုရင် မဂ်ဖိုလ် အန္တရာယ်ကို မတားမြစ်ပါ။

၁။ သန္တတိ အမတ်ကြီး စစ်ပွဲနိုင်လို့ ပသေနဒီ ကောသလမင်းကြီးက ခုနှစ်ရက် မင်းစည်းစိမ် ခံစားရင်း မူးပေတေ နေပါတယ်။ သူသိပ်ချစ်ရတဲ့ ကချေသည်မိန်းကလေး သူ့ကို ဖျော်ဖြေရင်း ရုတ်တရက် သေသွားတဲ့ အတွက် မြတ်စွာဘုရား ဆီကို ထိုအလောင်းအားပွေ့ပိုက်လျက် ရောက်ရှိသွားပါတယ်။ မြတ်စွာဘုရားက ရူပံ နာမံတို့ ၏ မတည်မြဲသော သဘာဝတရား၏ သင်္ခါရ တရားတစ်ပုဒ် ဟောကြားပြီး ရဟန္တာ ဖြစ်သွားပါတယ်။

သို့သော် သတိထားရမှာက ဂါထာတစ်ပုဒ်နာကြားပြီး ရဟန္တာဖြစ်တယ်ဆိုပေမယ့် ရုပ်နာမ်တွေကို မရှုမှတ်ဘဲ သတိပဋ္ဌာန်လေးပါးကို မရှုမှတ်ဘဲ မဂ်ဖိုလ်ရသွားတာတော့မဟုတ်ပါဘူး။ ရှုမှတ်မှု မပါဘဲနဲ့ တရားထူးရသွားကြတာ မဟုတ်ပါဘူး။ ရှုမှတ်ပြီးမှ တရားထူးရသွားကြတာပါ။

၂။ အရိယ ဆိုတဲ့ လူ တစ်ယောက်ဟာ ငါးမျှားနေစဉ် မြတ်စွာဘုရား ကြွလာတာမြင်တော့ ငါးမျှားတံလေး ရေထဲချဝှက်ထား လိုက်ပါတယ်။ရဟန်းကြီးဂေါတမသည် သူ့ အသက်သတ်သည်ကို မကြိုက်ကြောင်းသူကြားဖူးသည်။ မြတ်စွာဘုရားက “သင့်နာမည် ဘယ်လို ခေါ်သလဲ”လို့ မေးတော့ “အရိယ”လို့ ခေါ်ပါတယ်”လို့ ပြန်လျှောက်ပါတယ်။ ဒီတော့ မြတ်စွာဘုရားက “သင့်လိုသူ တစ်ပါးညှင်းဆဲတဲ့ သူကို အရိယလို့ မခေါ်ဘူး၊ အရိယာ ဆိုတာ သူတစ်ပါးကို မညှင်းဆဲဘူး”လို့ ဟောပြီး ဂါထာလေး တစ်ပုဒ် ဟောပြပါတယ်။ ဂါထာကို နာကြားပြီး သောတာပန် တည်သွားပါတယ်။

၃။ တစ်နေ့မှာ မြတ်စွာဘုရားက ဇေတဝန် ကျောင်းတော်မှာ တရားဟောနေ၏။ ပရိသတ်ထဲမှာ ခါးပိုက်နှိုက် နှစ်ယောက်လည်း ပါပါတယ်။ တစ်ယောက်က တရားကို ရိုရိုသေသေနာပြီး သောတာပန် တည်သွား ပါတယ်။ တစ်ယောက် ကတော့ တရားနာ ပရိသတ်ဆီက ခါးပိုက်နှိုက် လိုက်ပါတယ်။

၎။ အားလုံးသိတဲ့ လူသတ် ဗိုလ်ကြီး တမ္ဘဒါဋ္ဌိက ၅၅-နှစ်ပတ်လုံး ဘုရင့်အတွက် သတ်မိန့်ကျတဲ့ သူတွေကို သတ်ပေးခဲ့ရပါတယ်။
သူလည်း အရှင် သာရိပုတ္တရာ ဆီက တရားနာကြားပြီး အနုလောမိကခန္တီခေါ် သင်္ခါရုပေက္ခာ ဉာဏ်အထိ ရောက်သွားပါတယ်။ နောက် ဘီလူးမက နွားမ ယောင်ဆောင်ခတ်လို့ သေပြီး တုသိတာ နတ်ပြည်မှာ ဖြစ်ရပါတယ်။

ဆိုလိုသည်မှာ လူများအတွက် တရားအားထုတ်ရန် ကြိုတင်သီလ စင်ကြယ်ထားရန် အဓိကမဟုတ်ကြောင်း။
အရိယသူတော်စဉ်သည် (မိုးကုတ်ဆရာတော်ဘုရားကြီ၏ စကားဖြင့်ဆိုရသော် သောတပန်ချိုမပေါက်)ဟုဆိုသောကြောင့် အရိယမှန်းမသိရှာဘဲ ပြစ်မှားမိ(ပြောမှား၊စွပ်စွဲမှား)သူသည် ယခုဘဝတွင် တရားမရနိုင် လောက်အောင် အလွန်အပြစ်ကြီးလေးကြောင်း။

Thursday, September 8, 2011

ကျွန်တော်သိသောဓမ္မာနုပဿနာ။

ဓမ္မာနုပဿနာ။ ။မည်သည့်နည်းနှင့်ဝိပဿနာရှုသည်ဖြစ်စေ ဓမ္မာနုပဿနာ၏သဘောကိုရောက် မှသာ တရားရနိုင်၍ လောကီသမာဓိကို ကြိုတင်လေ့ကျင့်ရန်မလိုပါ။ သဘာဝဝိပဿနာဆိုသည် ကြောင့် မိမိခန္ဓာကိုယ်၏ ပင်ကိုယ်ပြောင်းလဲဖောက်ပြန်မှု (ဖောက်ပြန်တဲ့သဘော)ကို တိုက်ရိုက်ရှု ရပါမည်။ဝိပဿနာ၏သမာဓိသည် ခဏိကသမာဓိဖြစ်၍ တစ်နေရာထဲတွင် အာရုံကြာရှည်စွာစူးစိုက် ထားရသော သမထများနှင့် မရောမိစေရန် သတိထားပါ။ တရားအားထုတ်ရန် ကြိုတင် ဥပုဓ်စောင့်ရန် မလိုပါ။ ...ခန္ဓာကိုယ်တွင်ငြိမ်သက်စွာ သတိကပ်လျှက် ခေါင်းကိုယ်ခြေလက်နားရွက်မျက်စိ ဟုခေါင်းစဉ် မတပ်ဘဲ သဘာဝအတိုင်း ပြောင်းလဲနေသော လှုပ်လှုပ်ရွရွမွမွ အေးအေးပူပူတောင့်တောင့် စီစီ တို့ ကို သိနေပါ။အစပိုင်းရှုရခက်နေပါက စိတ်ထဲမှထိုသည့် သဘောတို့ ကို (ဖောက်ပြန်သည့်သဘော) ဟု သိသိနေပေးပါ။ နေရာအနှံ့ ပြောင်းလဲသိနေပေးပါ။ တရားအားထုတ်စဉ် မည်သို့ ထိုင်ရမည် ဘယ် နှစ်နာရီထိုင်ရမည်တို့ ကို ဘယ်ဘုရားမှ မဟောသောကြောင့်၊ ခန္ဓာကိုယ်အားသက်သာ လွတ်လပ်စွာထား၍ တရားတော်အားရိုသေစွာ ရှုပွားရန်လိုပါသည်။ စတင်အားထုတ်ကတည်းက သင်သည် ဓမ္မံသရဏံဂစ္ဆာမိ ဖြစ်နေပေပြီ။ တချိန်ထဲမှာဘဲ မြတ်စွာဘုရား၏အဆုံးအမကို လိုက်နာ နေသူဖြစ်သောကြောင့် ဗုဒ္ဓသရဏံဂစ္ဆာမိ လည်းဖြစ်နေပါသည်။ တစ်ခါ အသင်သည် ရဟန်းတို့  သိသင့်ပွားများထိုက်သော တရားအား သိပွားနေသူဖြစ်သောကြောင့် သင်ကိုယ်တိုင်ပင် ထိုအခိုက်တွင် ဘိက္ခုဖြစ်လျှက် သံဃံသရဏံဂစ္ဆာမိလည်းဖြစ်နေသည်။ ဆိုလိုသည်မှာ တရားအားထုတ်သူတို့ မှာ သရဏဂုံ ၃ ပါးအား ရွတ်ဆိုရန် မလိုဘဲ တည်နေသည်ကို သတိပြုပါ။
တစ်ဖန် တရားကို အားထုတ်နေသော ထို အခိုက်တွင် အဓိသီလ၊အဓိသမာဓိ၊အဓိပညာ ဖြစ်နေသောကြောင့် အသန့် ရှင်းဆုံးသော သီလစင်ကြယ်မှု ဖြစ်နေ၏။ ဘုရားဟောသော သီလသည် သာ။ မှတ်ချက်။ ။ တရားအားထုတ်ရန် တကူးတက ဘုရားစင်ရှေ့ တွင် အခန့် သားသွား၍ အလုပ်လုပ်မှရမည်ဟု မယူဆစေလိုပါ။တနည်း၊ မည်သည့် ကျမ်းစာအုပ်တွင်မှမရှိပါ။
ကယ်တင်မည့်သူ ဟူ၍လောကတွင် မရှိကြောင်း ကိုလည်း သတိပြုပါ။ သို့ သော်လမ်းပြသူတော့ရှိပါ သည်။ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်ပင် ကယ်တင်ရှင်ဘုရားမဟုတ်ကြောင်း အတိအလင်းဟော ထားပြီးဖြစ်ပါသည်။
အာရုံပညတ်စွဲယူမှတ် ဖြစ်တတ်ကိလေသာ။
့ပရမတ်အာရုံသိခိုက်ကြုံ ပြတ်ကုန်ကိလေသာ။
ရည်ညွှန်း။ ။ဆရာကြီးဦးကြည်။
ဆရာဦးခင်မောင်ရီ။
အနတ္တလက္ခဏသုတ်။
မဂ္ဂင်၈ ပါး။
ကယ်တင်ရှင်ဝါဒမဟုတ်ကြောင်း။
ဒိဋ္ဌသရဏဂုံ။
ဓမ္မာနုပဿနာ(ခန္ဓပဗ္ဘပိုင်း)။
သဘာဝဝိပဿနာ။
ဧကာယနမဂ်တရားတော်။

Sunday, August 14, 2011

သင်မသေဘူးသေးသောနေရာ။

နှစ်ကျိပ်ရှစ်ဆူ ဘုရား။ ။ ဂေါတမ ဘုရားလောင်း ဗျာဒိတ် ခံယူသော ကမ္ဘာမှစ၍ ပွင့်တော်မူသော ဘုရားရှင်များ၏ အမည်တော်တို့ဖြစ်သည်။
(၁) တဏှင်္ကရာဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ စရီးပင် (တောင်မရိုးပင်) ဗောဓိ၊ သက်တော် တသိန်း နေတော်မူ၏။
(၂) မေဓင်္ကရာဘုရား-ဒုက္ကရစရိယာ ၁၅-ရက်၊ ပေါက်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၃) သရဏင်္ကရာဘုရား-ဒုက္ကရစရိယာ တလ၊ သခွတ်ပင် ဗောဓိ၊ သက်တော် ရှစ်သောင်း။
(၄) ဒီပင်္ကရာဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ညောင်ကြပ်ပင် ဗောဓိ၊ သက်တော် တသိန်း။
(၅) ကောဏ္ဍညဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ ကြောင်လျှာပင် ဗောဓိ၊ သက်တော် တသိန်း။
(၆) မင်္ဂလဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၇) သုမနဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၈) ရေ၀တဘုရား-ဒုက္ကရစရိယာ ၇-လ၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ခြောက်သောင်း။
(၉) သောဘိတဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၁၀) အနောမဒဿီဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ ဖောက်ကြံ့ပင် ဗောဓိ၊ သက်တော် တသိန်း။
(၁၁) ပဒုမဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ကြောင်လျာပင် ဗောဓိ၊ သက်တော် တသိန်း။
(၁၂) နာရဒဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ကြောင်လျာပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၁၃) ပဒုမုတ္တရဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ထင်းရူးပင် ဗောဓိ၊ သက်တော် တသိန်း။
(၁၄) သုမေဓာဘုရား-ဒုက္ကရစရိယာ ၁၅-ရက်၊ ထိန်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၁၅) သုဇာတဘုရား-ဒုက္ကရစရိယာ ကိုးလ ၊ ၀ါးပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၁၆) ပီယဒဿီဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ ရေခတက်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၁၇) အတ္တဒဿီဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ စကားပင် ဗောဓိ၊ သက်တော် တသိန်း။
(၁၈) ဓမ္မဒဿီဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ လိပ်ဆူးရွှေပင် ဗောဓိ၊ သက်တော် တသိန်း။
(၁၉) သိဒ္ဓတ္ထဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ မဟာလှေကားပင် ဗောဓိ၊ သက်တော် တသိန်း။
(၂၀) တိဿဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ပိတောက်ပင် ဗောဓိ၊ သက်တော် တသိန်း။
(၂၁) ဖုဿဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ သျှိသျှားပင် ဗောဓိ၊ သက်တော် ကိုးသောင်း။
(၂၂) ၀ိပဿီဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ သခွတ်ပင် ဗောဓိ၊ သက်တော် ရှစ်သောင်း။
(၂၃) သိခီဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ သရက်ဖြူပင် ဗောဓိ၊ သက်တော် ခုနစ်သောင်း။
(၂၄) ဝေဿဘူဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ အင်ကြင်းပင်ဗောဓိ၊ သက်တော် ခြောက်သောင်း။
(၂၅) ကကုသန်ဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ကုက္ကိုပင် ဗောဓိ၊ သက်တော် လေးသောင်း။
(၂၆) ကောဏဂုံဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ ရေသဖန်းပင် ဗောဓိ၊ သက်တော် သုံးသောင်း။
(၂၇) ကဿပဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ပညောင်ပင် ဗောဓိ၊ သက်တော် နှစ်သောင်း။
(၂၈) ဂေါတမမြတ်စွာဘုရား-ဒုက္ကရစရိယာ ခြောက်နှစ်ကြာ၊ ညောင်ဗေါဓိပင်ရင်း၌ ပွင့်တော်မူသည်၊ သက်တော် ရှစ်ဆယ် နေတော်မူသည်။
ဓမ္မမိတ်ဟောင်း သူတော်ကောင်းတို့ … အထက်ပါဘုရားတို့  အသီးသီးပွင့်တော်မူကြ၍ အသက်တမ်းတော်များအတိုင်း သတ္တဝါတို့ ကို ချွေချွတ်ဟောပြော ပါသည်။ သတ္တဝါအများပင် သံသရာမှ လွတ်မြောက်ကြပါသော်လည်း ကျွန်တော်တို့ တစ်စု ထိုအချိန်က ဘယ်ရောက်နေပါသနည်း။ ဘုရားရှင်ကိုယ်တော်မြတ်နှင့် ပက်ပင်းတွေ့ ချင် တွေ့ နိုင်သည်၊ သို့ သော် ဘုရားမှန်းမသိ။ တရားရရန် ပါရမီကား နတ္ထိ။ ကျွန်တော်တို့  ထို အချိန်က အလုပ်တွေသိပ်ရှုပ်နေသည်လား။ ဘုရားနှင့် ဝေးသော မြို့ရွာ များသို့  ရောက်ရှိနေကြသည်လား။ တခြားသော ဘာသာအယူဝါဒများကို သက်ဝင်ယုံကြည်နေသည်လား။ ယခုမူတရားရှိနေသေးသည်။ တရားလည်းရနိုင်သော ဝိမုတ္တိကာလဟု ဆိုကြသည်။ ဤကမ္ဘာမြေတွင် သင်ကြိုက်သည့်နေရာ လက်ညှိုးထိုး သင်မသေဘူးသေးသော နေရာမရှိဟု ဆိုသည်။
အိုယောဂီ.. ဓမ္မာနုပဿနာတည်းဟူသော အမြိုက်ဆေးကို သောက်သုံး၍ အမြဲသေတတ်သော ဤခန္ဓာသံသရာကို စွန့် ပယ်ကုသ၍ အပြီးတိုင်ငြိမ်းအေးရာ ကို သွားကြပါစို့။

Friday, August 12, 2011

နတ်များအကြောင်း တစေ့တစောင်း။

နတ်တွေက ဘယ့်နယ်ကြောင့် ဦးကြည်ခေါင်းစဉ်အောက် လာဖော်ပြရသနည်းဟု မေးသော်၊ ကျွန်တော်ငယ်ငယယ်က supernatural ခေါ် သဘာဝလွန်များကို စိတ်ဝင်စားလွန်း၍ ရောက်တတ်ရာရာ စိတ်ဝင်းစားမိပါကြောင်း။ ဆရာကြီး၏ တရားများ အားမထုတ်မိစဉ်က တွေ့ ကြုံ ရသည် များကို ရေးသားမိပါကြောင်း။

ကျွန်တော် နတ်တွေကို သိတတ်စအရွယ်က စပြီး စိတ်ဝင်စားတာပါ။ အဲ့အချိန်က မန်းတလေးမြို့မှာရှိတဲ့ ရပ်ကွက်တော်တော်များများမှာ မကြာခဏဆိုသလို နတ်ကနားပွဲတွေ ပေးတတ်ကြပါတယ်။ နတ်ဆိုင်းသံကြားပီဆိုရင် ရှေးထုံးနဲ့ရိုးရာစွဲကြီးလှတဲ့ အဒေါ်ဖြစ်သူက ကျွန်တော့်လက်ကို ဆွဲပြီး အသံကြားရာဆီကို ဆွဲခေါ်သွားတတ်တယ်။ အဲ့တုန်းကတော့ ဘာမှန်းမသိ။ နတ်ကနားကြည့်ရတာကို ကြောက်လဲကြောက်တယ်။ အင်မတန်လဲ ကြည့်ချင်တယ်။ ဘေးနားက ရပ်ကြည့်နေတဲ့ မိန်းမကြီးတစ်ယောက် နတ်ကနားကြည့်နေရင်း နတ်ဝင်ပူးသွားတာမြင်တော့ တအံ့တသြပေါ့။ အဲ့အချိန်တုန်းကတော့ ပူးတဲ့နတ်က ဘာနတ်မှန်းမသိ။ မိန်းမနဲ့တူတဲ့ လူကြီးတွေ၊ မိန်းမကြီးတွေက သူ့ကို ခေါင်းပေါင်းတွေပေါင်းပေးကြ... ရင်ဘက်ကို ပ၀ါကြီးတွေ စည်းပေးကြ လုပ်နေကြတာကို မြင်ရတယ်။ ကြည့်နေရင်း ကိုယ့်ကိုလဲ ဘယ်အချိန် နတ်ဝင်ပူးမလဲဆိုတာ တွေးမိရင်း သွားကြည့်ရမှာကို ကြောက်လာတော့တာပါပဲ။ ဒါပေမယ့် နတ်ဆိုင်းသံကြားလို့ အဒေါ်ဖြစ်သူ က သွားကြည့်ဖို့ခေါ်ရင် ဘယ်တော့မှ မငြင်းခဲ့ပါဘူး။ နတ်တွေက ၀င်ပူးပီဆိုရင် မိန်းမတွေကို အများဆုံးဝင်ပူးကြတယ်။ အဒေါ်ဖြစ်သူကို အိမ်အပြန်လမ်းမှာ နတ်ဝင်ပူးတဲ့ အကြောင်းတွေ တတွတ်တွတ် မေးကြည့်ဖြစ်တယ်။ မိန်းမတွေက ယောက်ျားတွေထက် လိပ်ပြာပိုငယ်လို့ ပိုပီး အပူးခံရတာ… နတ်က ချစ်လို့ဝင်ပူးတာ… အရင်ဘ၀တွေက နတ်ဆက်ရှိလို့ ၀င်ပူးတာ အစရှိသဖြင့် သူက ရှင်းပြတာပေါ့။ အိပ်ယာဝင်အချိန်တွင်လဲ ရိုးရာတွေအကြောင်း နတ်တွေရဲ့ နတ်မဖြစ်ခင် လူ့ဘ၀သမိုင်းတွေကို ပုံပြင်သဖွယ်ပြောပြပါတယ်။ မင်းကြီးမင်းလေးကို သနားမိတယ်။ အရက်တိုက် ကြက်တိုက်တဲ့ ကိုကြီးကျော်ကို ကြောက်မိတယ်။ စကားကြမ်းကြမ်း ပြောတတ်တဲ့ အမေဂျမ်းကို သဘောကျမိတယ်။ အိမ်တွင်းအုန်းထားရာ နေရာမှာ ပန်းပဲမောင်တင့်တယ်များရှိမလားလို့ ချောင်းချောင်းကြည့်တတ်တယ်။ ငယ်ဘ၀ကပေါ့။

လူပျိုပေါက်အရွယ်ရောက်တော့လဲ နတ်တွေနှင့် ထပ်တွေ့ရပြန်တယ်။ သင်္ကြန်အချိန်မှာပေါ့။ မန်းတလေးထုံးစံအတိုင်း သင်္ကြန်အကြိုနေ့ရောက်ပီဆို မဟာမုနိရုပ်ရှင်တော်မြတ်နဲ့ မန်းတလေးတောင်မှာ ရှိတဲ့ မန်းတလေးဘိုးဘိုးကြီးကို အုန်းပွဲငှက်ပျောပွဲနဲ့ ကားပြသွားရတယ်။ ဦးတိုက်ရတယ်။ ဘေးကင်းအောင် ပြသနာမဖြစ်အောင်၊ ကားမပျက်အောင် စသဖြင့်ပေါ့ ဆုတောင်းကြတယ်။ ဦးမတိုက်တဲ့ အဖွဲ့တွေဆို တစ်ခုခုဖြစ်တတ်တယ်ဆိုတဲ့ အယူလဲရှိတယ်။ မဟာမုနိဘုရားကြီးကို ဦးတိုက်တာတော့ ဟုတ်ပါပီ။ မန်းတလေးဘိုးဘိုးကြီးကို ဘာလို့ သွားပီးဦးတိုက်တာလဲလို့ ကိုယ်နဲ့အတူပါတဲ့ နောင်တော်ကြီးတွေကို မေးတော့လဲ ရေရေရာရာမသိဘူး။ ဒါနဲ့ပဲ နှစ်တိုင်း မန်းတလေးဘိုးဘိုးကြီးကို ဦးတိုက်ဖြစ်တယ်။ ဘာပဲပြောပြော ဟုတ်သည်ရှိ မဟုတ်သည်ရှိ ကိုယ့်ဘက်က မမှားဘူးပေါ့လေ။ နောက်ပီး ကိုယ့်အိမ်မှာ စက်ဘီးဝယ်တာဖြစ်ဖြစ် ဆိုင်ကယ်ဝယ်တာဖြစ်ဖြစ် ကားဝယ်တာဖြစ်ဖြစ်… ယုတ်စွအဆုံး တီဗီ ဒီဗီဒီစက်ဝယ်တာကအစ မန်းတလေးဘိုးဘိုးကြီးမှာ သွားပြရတာ အစဉ်အလာဖြစ်သွားပါပီ။ ဘယ်သူက စလိုက်မှန်းတော့ မသိဘူးပေါ့လေ။
နောက်တော့ တောင်ပြုံးပွဲကို သူငယ်ချင်းတွေနဲ့ သွားဖြစ်တယ်။ လူငယ်တွေဆိုတော့ မရောက်ဖူးတဲ့နေရာမို့ သွားချင်ကြတာပေါ့။ သွားကြပီဆိုတော့လဲ အသောက်အစားလေးနဲ့ပေါ့လေ။ စရောက်ရောက်ချင်းတုန်းက တော်တော်ကို အံ့သြသွားရတယ်။ ကနားတဲတွေကလဲ အများကြီး။ နန်းကြီးထဲမှာလဲ လူတွေက အများကြီးနဲ့ မြင်မြင်သမျှက အသစ်တွေဖြစ်နေတယ်။ တောင်ပြုံးဆုတောင်းပြည့်ဘုရားထဲရောက်တော့ အုတ်နှစ်ချပ်လပ်နေတာတွေ့တော့ ငယ်ငယ်က အဒေါ်ပြောဖူးတဲ့ ရွှေဖျင်းကြီး၊ ရွှေဖျင်းငယ်အကြောင်းကို သွားပီးသတိရမိတယ်။

စီးပွားရေးလိုင်းထဲ ရောက်လာပြန်တော့လဲ နတ်နဲ့က မကင်းပြန်ပါဘူး။ ကျွန်တော်တို့အဖွဲ့ဟိုတယ်တွေမှာ ဘာပွဲညာပွဲတွေလုပ်ရင် ဘာမှန်းမသိ နတ်ကတော်ခေါ်ပီး ပွဲတွေထိုးရတာပါပဲ။ ကိုယ်နားလည်လို့တော့ မဟုတ်ဘူးပေါ့။ ပွဲမြတ်အောင်။ လူများများလာပီး လက်မှတ်များများရောင်းရအောင် မိုးမရွာအောင်။ အန္တရာယ်ကင်းအောင်ပေါ့။ လူငယ်တွေမှာလဲ လူငယ်တွေ အလျှောက်နဲ့ နတ်တွေနဲ့ ပတ်သက်ရသလို လူကြီးတွေကလဲ ပတ်သက်နေရတာပါပဲ။ ဒါနဲ့ နတ်တွေအကြောင်းကို စာတွေထဲမှာ ရှာဖတ်မိတော့တယ်။

အဲ့လို နတ်ကိုးကွယ်မှုတွေကို ပုဂံခေတ်ကနေ ယနေ့မျက်မှောက်ခေတ်ထိ ယုံကြည် ပသ ကိုးကွယ်ကြတဲ့သူတွေ အများအပြားရှိနေဆဲပါ။ နတ်တွေမှာလဲ အတွင်း(၃၇)မင်း၊ အပြင် (၃၇) မင်းဆိုပီး အကြမ်းမျဉ်း ခွဲခြားထားပါတယ်။ မြန်မာလူမျိုးများကြားမှာတော့ အပြင်(၃၇)မင်းစာရင်းဝင်နတ်များက ပိုပီး လူသိများထင်ရှားပြီး ကိုးကွယ်မှုမှာလဲ များပြားလှပါတယ်။ အခြား လူသိများတဲ့ နတ်တွေလဲ ရှိပါသေးတယ်။ အဲ့ဒီနတ်တွေကတော့ အတွင်း(၃၇)မင်းစာရင်းမှာလဲ မပါ၊ အပြင် (၃၇)မင်း စာရင်းမှာလဲ မပါတဲ့ နတ်တွေ ဖြစ်ပါတယ်။ အဲ့လို ထင်ရှားတဲ့ နတ်တွေဟာ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ် တွေက ပေါ်ထွက်လာတဲ့ နတ်တွေ ဖြစ်ကြပြီး တောင်ငူခေတ်နောက်ပိုင်းမှာတော့ နတ်အသစ်တွေ ပေါ်ထွက်လာခြင်းမရှိတော့ပါဘူး။ အတွင်း (၃၇)မင်းနတ်တွေဟာ လူသိများကျော်ကြားခြင်း မရှိတဲ့အတွက်ကြောင့် ပူဇော်ပသမှုတွေကို ကျယ်ပြန့်စွာ မတွေ့ရပါဘူး။ အတွင်း (၃၇)မင်းနတ်များစာရင်းကို တင်ပြရရင်…
၁။ ဣန္ဒနတ်
၂။ သောမနတ်
၃။ ၀ရုဏနတ်
၎။ ဘာရဒွါဇနတ်
၅။ ပဇာပတိနတ်
၆။ စန္ဒနတ်
၇။ ကာမသေဋ္ဌနတ်
၈။ ကိန္နုဃဏ္ဍုနတ်
၉။ နိဃဏ္ဍုနတ်
၁၀။ ပနာဒယက္ခသေနာပတိနတ်
၁၁။ သြပမညယက္ခသေနာပတိနတ်
၁၂။ ဒေ၀သုတယက္ခသေနာပတိနတ်
၁၃။ စိတ္တသေနယက္ခသေနာပတိနတ်
၁၄။ နဠောရာဇယက္ခသေနာပတိနတ်
၁၅။ ဇနေသဘယက္ခသေနာပတိနတ်
၁၆။ သာတာဂိရိယက္ခသေနာပတိနတ်
၁၇။ ဟေမ၀တယက္ခသေနာပတိနတ်
၁၈။ ပုဏ္ဏယက္ခသေနာပတိနတ်
၁၉။ ကရတိယယက္ခသေနာပတိနတ်
၂၀။ သီဝကယက္ခသေနာပတိနတ်
၂၁။ ပုစလိန္ဒယက္ခသေနာပတိနတ်
၂၂။ ဝေသာမိတ္တယက္ခသေနာပတိနတ်
၂၃။ ယုဂန္ဓရယက္ခသေနာပတိနတ်
၂၄။ ဂေါပါလယက္ခသေနာပတိနတ်
၂၅။ သုပ္ပရောဓယက္ခသေနာပတိနတ်
၂၆။ ဟိရိယက္ခသေနာပတိနတ်
၂၇။ နေတ္တိယက္ခသေနာပတိနတ်
၂၈။ မန္ဒိယယက္ခသေနာပတိနတ်
၂၉။ ပဉ္စလစဏ္ဍယက္ခသေနာပတိနတ်
၃၀။ အာဠာဝကယက္ခသေနာပတိနတ်
၃၁။ ပဇ္ဇုန္နယက္ခသေနာပတိနတ်
၃၂။ သုမနယက္ခသေနာပတိနတ်
၃၃။ သုမုဒယက္ခသေနာပတိနတ်
၃၄။ ဒ၀ိမုခယက္ခသေနာပတိနတ်
၃၅။ မဏိယက္ခသေနာပတိနတ်
၃၆။ မာဏိဓရယက္ခသေနာပတိနတ်
၃၇။ သေရိသကယက္ခသေနာပတိနတ်။
တို့ဖြစ်ကြပါတယ်။
အပြင် (၃၇) မင်းနတ်တွေကတော့
၁။ သိကြားမင်း (သက္ကမင်း)
၂။ မဟာဂီရိနတ် (မောင်တင့်တယ်)
၃။ နှမတော် မမြတ်လှ (မောင်တင့်တယ်၏ နှမတော်)(မိဖုရား စောမယ်ယာ)
၎။ ရွှေနဘေနတ် (မင်းတုန်းမြို့သူ ၊ မောင်တင့်တယ်၏ဇနီး)(နဂါးမယ်တော်)
၅။ သုံးပန်လှနတ် (မောင်တင့်တယ်၏ နှမ၊(ဥက္ကလာပ မိဖုရား) မနှဲလေး၏ မိခင်)
၆။ ရွှေနှဲမိ (ခေါ်) မနှဲလေး (သုံးပန်လှနတ်၏ သမီး)
၇။ တောင်မကြီး ရှင်ညို (ရွှေနဘေ၏ သား)
၈။ မြောက်မင်း ရှင်ဖြူ (ရွှေနဘေ၏ သား)
၉။ ထီးဖြူဆောင်းနတ် (အနော်ရထာ၏ ခမည်းတော် ကွမ်းဆော်မင်း )ကွမ်းဆော်ကြောင်ဖြူ
၁၀။ ထီးဖြူဆောင်း မယ်တော်နတ် (ကွမ်းဆော်မင်း၏ မယ်တော်)
၁၁။ ပရိမ္မရှင်မင်းခေါင် (ကွမ်းဆော်မင်း၏ သား)
၁၂။ ရွှေဖျင်းကြီး (တောင်ပြုံးမင်းကြီး)(ပတိတ်ခရား၏သား) ဗျတ္တ၏သား
၁၃။ ရွှေဖျင်းငယ် (တောင်ပြုံးမင်းလေး)(ပတိတ်ခရား၏သား) ဗျတ္တ၏သား
၁၄။ မန္တလေး ဘိုးတော် (ရွှေဖျင်းညီနောင်ကို ပြုစု မွေးမြူခဲ့သူ)
၁၅။ ရှင်ကွ (မန္တလေး ဘိုးတော်၏ နှမ)
၁၆။ ညောင်ချင်းအို ( သထုံမနူဟာမင်း၏ အနွယ် )(ခြေတိုလက်တို ညောင်ချင်းအိုနတ်)
၁၇။ မင်းစည်သူ အလောင်းစည်သူ (၄၇၃-၅၂၉)
၁၈။ မင်းသား-ဒန်းမောင်ရှင် (အလောင်းစည်သူမင်း၏ သားတော်၊ ဒန်းစီးယင်း ပြုတ်ကျ၍ သေသည်။)
၁၉။ ကျော်စွာနတ် (တောင်ခြေရင်းဝါခင်းစောင့်သည့် အောင်ကျော်(ခေါ်) မိုးခေါ်ကျော်စွာနတ်)
၂၀။ အောင်စွာမကြီး ( ပုဂံ နရပတိမင်း၏ အမတ် ငအောင်စွာ )
၂၁။ ရွှေစစ်သင်နတ် ( ပုဂံ စောမွန်နစ်မင်း၏ သား)
၂၂။ မယ်တော် ရွှေစကား (ပုဂံ စောမွန်နစ်မင်း၏ မိဘုရား)
၂၃။ ငါးစီးရှင် (ပင်းယသီဟသူ၏ သား ) ငါးစီးရှင်ကျော်စွာ
၂၄။ မင်းတရားနတ် ( အင်းဝမင်းခေါင်၏ နောင်တော် တရဖျားမင်း)
၂၅။ မောင်ပိုးတူ (ကုန်ကူးသန်းရောင်းဝယ်ရေးအတွက်နတ်)
၂၆။ အနောက်မိဖုရား ( အင်းဝ မင်းခေါင်၏ အနောက်ဆောင်မိဘုရား)
၂၇။ အောင်ပင်လယ် ဆင်ဖြူရှင်နတ် ( သီဟသူမင်း)
၂၈။ ရှင်ကုန်း (အောင်ပင်လယ် ဆင်ဖြူရှင်နတ် ၏ ကိုယ်လုပ်တော်)
၂၉။ ရွှေနော်ရထာ ( အင်းဝ ဒုတိယမင်းခေါင်၏ မြေး)
၃၀။ မင်းရဲအောင်တင် (သာလွန်မင်း)
၃၁။ မောင်မင်းဖြူ ( အင်းဝခေတ်မှ ဘုရင့်သားတော် )
၃၂။ ရှင်တော်နတ်
၃၃။ တပင်ရွှေထီးနတ်
၃၄။ မြောက်ဘက်ရှင်မ ( တပင်ရွှေထီး၏ အထိန်းတော်)
၃၅။ တောင်ငူရှင်မင်းခေါင် ( မြောက်ဘက်ရှင်မ နှင့် မင်းရဲသိင်္ခသူ တို့၏သား)
၃၆။ သံတော်ခံ
၃၇။ ယွန်းဘုရင် ( ဇင်းမယ်ဘုရင် ဗြသံ) တို့ဖြစ်ပါတယ်။

အပြင်(၃၇)မင်းနတ်တွေရဲ့ ပူဇော်ပသမှုတွေကို ယနေ့ထိအောင် ရိုးရာပွဲတော်တွေအဖြစ် တည်ရှိနေတာကြောင့် လူသိများလှပါတယ်။

အတွင်းအပြင် စာရင်းမှာ မပါဝင်ပဲ လူသိများတဲ့ အခြားနတ်တွေကတော့…
၁။ ပုန်းမကြည်ရှင်မ၊
၂၊ ပုပ္ပါးမယ်တော်၊
၃။ တောင်တော်သခင်မ၊
၎။ ကိုယ်ရင်မောင်နတ်၊
၅။ ယမ္မားမြင်းဖြူရှင်၊
၆။ ကန္နီမြင်းဖြူရှင်၊
၇။ ရွှေပြည့် မြင်းဖြူရှင်၊
၈။ ကိုးမြို့ရှင်၊
၉။ ပုလဲယဉ်(အမေပုလဲ)၊
၁၀။ ခွန်ချိုနတ်၊
၁၁။ ခွန်သာနတ်၊
၁၂။ အရှေ့မယ်တော်၊
၁၃။ အနောက်မယ်တော် (အမေရေယဉ်)၊
၁၄။ အမေဂျမ်း၊
၁၅။ ပြေလယ်ပြင်မောင်တော်၊
၁၆။ ပြေလယ်ပြင်နှမတော်၊
၁၇။ နံကရိုင်းမယ်တော်၊
၁၈။ အောင်နိုင်နတ်၊
၁၉။ ရေငံပိုင်ဦးရှင်ကြီး၊
၂၀။ ကွင်းပိုင်အဘိုး၊
၂၁။ ပခန်းဦးမင်းကျော်၊
၂၂။ ကိုးသိန်းရှင်၊
၂၃။ ဗိဿနိုးနတ်၊
၂၄။ ဖျာလိပ်နတ်(ရှင်မအောင်ဖြူနတ်)၊
၂၅။ မိုးခေါင်ကျော်စွာနတ် တို့ ဖြစ်ကြပါတယ်။

ဒါတွေက ကျွန်တော် ဖတ်မိသလောက်တွေ့ရတဲ့ နတ်တွေပါပဲ။

reference:
kyaw kyaw(26

Tuesday, August 9, 2011

ကျွန်တော်လူဝတ်ကြောင်။

တစ်ချို့ သော သူငယ်ချင်းများ၊ ကျွန်တော်ကို တရားဟောဖို့ ပြောသည်။ အပျင်းပြေနားထောင်ချင်သည် လား၊ ကျွန်တော်ဘာသိသလဲ သိချင်သည်လား မပြောတတ်။ သေချာသည်က ကျွန်တော် တရားသမားမဟုတ်၊ သူတော်ကောင်းကြီးမဟုတ်။ တရားရရန် ကြိုးစားနေသူသာ ဖြစ်သည်။ သို့ ဆိုလျှင်အဘယ်ကြောင့် ဘုန်းကြီးမဝတ်သနည်း။ သူငယ်ချင်း များစွာ မေးကြသည်။ ကျွန်တော်ပြန်မေးပါသည်၊ ဘုန်းကြီးမဝတ်ဘဲ တရားအားထုတ်လို့  မရဘူးလား။ တရားမရနိုင် ဘူးလား။ သူရိုသေချာ မသိ။ ကျွန်တော် သေချာသိသည်ဟု မဆိုလို။ ဆရာကြီးဦးကြည်၊ အနာဂါမ်ဆရာသက်၊ ဆရာကြီးဦးဘခင်၊ဦးဂိုအင်ကာ၊ဦး​ခင်မောင်ရီ တို့ က အကောင်းဆုံး သာဓက လူဝတ် တရားသမားကြီးများဖြစ်ကြသည်။ အများဆုံးအမေးခံရသော မေးခွန်းဖြစ်သော "ဘာလို့ တရားအားထုတ်တာလည်း" ကို " ဘာဖြစ်လို့ ၊ တရားအားမထုတ် ချင်ရတာလဲ၊ အဆုံးစွန်သော သံသရာ ဆင်းရဲကို မပြတ်တမ်း မှားယွင်းစွာ ငေးမော သိမ်းပိုက်ထားချင် တာလား၊ သူငယ်ချင်းတို့ "။ဟု ပြန်လည်မေးခွန်းထုတ်၍ ဖြေချင်ပါသည်။

ဗုဒ္ဓ၏အမြင်အားဖြင့်ကျွတ်ထိုက်သော (ဝါ) ကိလေသာမြူနည်းပါး၍ အသိဥာဏ်ရင့်ကျက်သော သူများတွင် လူပုဂ္ဂိုလ်များလည်း ပါဝင်ကြောင်း ယုံမှားစရာမရှိချေ။ တစ်နည်းဆိုသော် ဗုဒ္ဓ၏ အရိယာကျင့်စဉ်၌ အဝတ်တန်ဆာ အသွင်အပြင်နှင့်အမည်ဝေါဟာရတို့မှာ အရေးမပါလှဘဲ သီလ၊ ပညာ၊ ဝီရိယ စသည် တို.သာလျှင် ပဓာနဖြစ်၏။ " လူဖြစ်စေ၊ ရဟန်းဖြစ်စေ ကောင်းမြတ်သောအကျင့်ရှိမှသာ ငါဘုရားချီးမွှမ်း၏။ အင်္ဂုတ္တရနိကာယ်၊ ဒုကနိပါတ်- မိစ္ဆာပဋိပတ္တိသုတ်)။ ရဟန်းဘဝနှင့်လူ့ဘဝတွင် မည်သည့်ဘဝက ပိုမိုကောင်းမွန်ပါသနည်းဟု ဗြဟ္မဏတစ်ဦးက မေးသော အခါ ဗုဒ္ဓက တစ်ဖက်သတ် လှေနံဓားထစ် မိမိမပြောလိုကြောင်း၊ လူပင်ဖြစ်စေ ကုသိုလ်တရား ပွားများအားထုတ်ပါက ဘဝမြင့်မြတ်ကြောင်း မိန့်ကြား၏။ (မဇ္ဈိမ နိကာယ်၊ သုဘသုတ်)

သမဏ၊ ဗြဟ္မဏ၊ ဘိက္ခုစသည်တို့မှာ စင်စစ် ဝေါဟာရ ပညတ်များသာဖြစ်ကြောင်း ရှင်းလင်းပြတ်သားသော မိန့်ကြားချက်မှာ ဓမ္မပဒ ပါဠိတော်တစ်ပုဒ်ဖြစ်၏။ " အကြင်သူသည် ကိလေသာငြိမ်း၏။ ဣနြေ္ဒကို ဆုံးမပြီးဖြစ်၏။ မဂ်လေးပါးဖြင့်မြဲ၏။ အလုံးစုံသော သတ္တဝါတို့၌ လက်နက်ပယ်ချထားပြီးဖြစ်၍ မေတ္တာဖြင့်အညီအမျှကျင့်၏။ ထိုသူသည် အဝတ်တန်ဆာ ဆင်စေကာမူ မကောင်းမှုမှ အပ ပြုသူ ဗြာဟ္မဏမည်၏။ ကိလေသာ ငြိမ်းသူ သမဏမည်၏။ ကိလေသာ ဖျက်ဆီးပြီးသူ ဘိက္ခုမည်၏" (ဓမ္မပဒ၊ဂါထာ ၁၄၂) ။ ဤပါဠိတော်ကို ကိုးကားလျက် ဥတ္တရာပါထက မည်သော ရှေးဗုဒ္ဓဝါဒီ ဂိုဏ်းက လူပုဂ္ဂိုလ်အဖြစ်ဖြင့်နိဗ္ဗာန်ရရှိနိုင်သည်ဟု ယူဆကြောင်း ကထာဝတ္ထုအဌကထာ၌ ပြဆိုထား၏။

အမြဲဖောက်ပြန်နေသောကျွန်တော်။

သူငယ်ချင်းတစ်ယောက်က ကျွန်တော်ကိုသူတို့ နှင့်အတူ ယမကာမှီဝဲရန်ခေါ်ပါသည်။ ကျွန်တော် လူမှူရေးနားမလည်စွာ ငြင်းလိုက်မိသည်။ သူကထပ်ပြောသေးသည် " မသောက်မစားရင် ဖောက်ပြားတတ်တယ်နော်တဲ့" ။ နဘေးနားတွင် ဇနီးသည်ကလဲ ရှိနေသည်။ ဟုတ်ပါရဲ့ သူပြောမှ ကိုယ့်ကို ကိုယ်သတိထား မိသည်။ အချိန်တော်တော်များများကို မေ့လျော့နေသော ထိုသည့် ဖောက်ပြန်မှု။ တစ်ယောက်ထဲ ရှိလည်း ကျွန်တော်ဖောက်ပြန်နေသည်။ နှစ်ယောက် အတူတကွ ရှိလည်း ကျွန်တော်ဖောက်ပြန်နေသည်။ လူမျိုးစုံ တွေကြားလည်း ကျွန်တော်က မရပ်မနား တရစပ် ဖောက်ပြန်နေသည်။ ရော ခက်ကပြီ။ မသောက်သော်လည်း ဖောက်ပြန်နေ၏။ တနည်း ဖောက်ပြန်ပြောင်းလဲနေ၏။ ဘာတွေဖောက်ပြန်နေတာလည်း။ အကြောင်းတရား ၄ ပါး ထောက်ပံ့မှုကြောင့် ရရှိထားသော ဓါတ်ကြီး ၄ပါး ရုပ်နာမ်တရား (သို့ ) ခန္ဓာ ၅ပါးတည်း ဟူသော ဤကိုယ်ကောင်သည် ဥပဒ်၊ဋ္ဌီ၊ဘင် ဟူသော ခဏငယ် များစွာအတွင်း တရစပ် ဖြစ်လျှက် ပျက်ရပြန်ခြင်း ကို ဖောက်ပြန်သည်ဟု ဘုရားဟော ရှိပါသည်။ ထိုသည့် ဖောက်ပြန်မှုတို့ ကို ခေါင်းစဉ် မတပ်ပါဘဲ သဘာဝတရားကို သဘာဝ အတိုင်း သိနေခြင်းသည် ပရမတ်တရားကို တိုက်ရိုက်သိနေခြင်းဖြစ်သည်။ သို့ ဆိုလျှင် သမာဓိဋ္ဌိ ဟူသော အမှန်ကိုမြင်သောသူ တစ်ယောက်ဖြစ်လာလေသည်။ ဟော ..သို့ ဆိုလျှင် ထိုသည့် ဖောက်ပြန်မှုဆိုသည့် တရားသည် အလွန် အဖိုးတန်ပါလား။ သူငယ်ချင်းကိုပင် ကျေးဇူးတင်ရပြန်သည်။ သူငယ်ချင်း သောက်စားနေသော်လည်း ဖောက်ပြား နေတယ် သူငယ်ချင်း။